နတ်တလင်း ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနမှ လက်ကိုင်းရှည် လက်တွန်း ထွန်စက်ဖြင့် တွဲဖက်သုံး နောက်တွဲကိရိယာစွမ်းရည်ပြပွဲကို ယနေ့နံနက် ၁၀နာရီက ကြတ်ခတ်ဝါးရုံ ကျေးရွာအုပ်စု၊ကြတ်ခတ်ဝါးရုံကျေးရွာ ဦးကျော်မျိုးဦး၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
လက်ကိုင်းရှည်လက်တွန်းထွန်စက်ဖြင့် တွဲဖက်သုံးနောက်တွဲ ကိရိယာသည် မူလက လမ်းလျှောက်အသုံးပြုခြင်းမှ နောက်တွဲ တပ်ဆင်၍ လူစီးလိုက်ပါမောင်းနှင်နိုင်ရန် ပြောင်းလဲ ခဲ့ပြီး လုပ်ငန်းပိုမိုတွင်ကျယ်လာကာ လုပ်ငန်းပြီးစီးမှုပိုမိုခြင်း၊ ကုန်ကျစရိတ်နည်းခြင်း၊ဆီကုန်ကျမှု နည်းခြင်း၊ ဘီးချော်မှု မရှိဘဲလုပ်ငန်းတွင် ကျယ်ခြင်းများ ပိုမိုရရှိလာခဲ့ပြီး မပြုပြင်မီ စက်တုံးဖြင့်ထွန် ယက်ရာ တစ်နေ့လျှင်၂.၅ဧကပြီးစီး၍ စက်မောင်းဆီ၁.၅ဂါလန်ကုန်ကျခဲ့ရာမှ ပြုပြင်ပြောင်းလဲထားရှိသော နောက်တွဲကိရိယာဖြင့် ထွန်ယက်ရာ တစ်နေ့လျှင် ၆ဧကနှင့် အထက် ပြီးစီး၍ စက်မောင်း ဆီ၁.၀ဂါလန်သာ ကုန်ကျမည် ဖြစ်ကြောင်း မြို့နယ်စက်မှုလယ် ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲထွန်းထံမှ သိရသည်။
အဆိုပါလက်ကိုင်းရှည် လက်တွန်းထွန်စက်ဖြင့် တွဲဖက်သုံးနောက်တွဲ ကိရိယာစွမ်းရည်ပြပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တောင်သူများမှ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)