နေပြည်တော် ဖေဖော်ဝါရီ ၁၁
ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည့် ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် ဉာဏ်ပညာ စွမ်းရည်၊ နှုတ်မှုစွမ်းရည်၊ သရုပ်ဖော်စွမ်းရည်များ ရရှိစေရန်နှင့် စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်ပြီး အသုံးပြုတတ်လာစေရန် ရည်ရွယ်ပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲ ၁ နာရီတွင် ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက် ကလေး စာဖတ်ခန်း၌ ကျင်းပသည်။
ရှေးဦးစွာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ပြိုင်ပွဲ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
အဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက ပြည်ထောင်စုနေ့ တိုင်းရင်းသား ကဗျာများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရကျောင်းသား၊ ကျောင်းသူများအား လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)