ဒလမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ဆက်လက်ထိုးနှံပေး

ဒလ ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဆေးထိုးရန် အကျုံးဝင်သူများအား မကျန်ရှိစေရေး အတွက် ဆေးထိုးစုရပ်များအဖြစ် သတ်မှတ်ထားသည့် နေရာများသို့  မိုဘိုင်းစနစ်ဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။

ဒလမြို့နယ်၌ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ ဦးရေစုစုပေါင်း ၁၂၃၂၂၃ ဦး ရှိပြီး၊  ဇန်နဝါရီလ ၁၈ ရက်နေ့အထိ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၈၅၂၅၆ ဦး နှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ ၇၃၀၅၂ ဦး  ရှိပြီဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၄၂၀၉ ဦး နှင့်  ဒုတိယအကြိမ်ထိုးနှံပြီးသူ ၃၀၉၉ ဦး ရှိပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဆေးထိုးစုရပ်များဖြစ်သည့် မြို့နယ် ပြည်သူ့ဆေးရုံ၊ ကမာကဆစ်အလယ်ကျောင်း ပရိယတ္တိစာသင်တိုက်၊ နန်းဦးပရိယတ္တိ စာသင်တိုက်၊ ပျော်ဘွယ်ကြီး စံပြကျေးရွာရှိ ဘုရားကြီးတန်ဆောင်း၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံ စသည့် ဆေးထိုးစုရပ် (၅) နေရာ နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် သတ်မှတ်ထားသော နေ့ရက်များအလိုက် မိုဘိုင်းစနစ်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။  

နိုင်လင်းကျော်(IPRD)