ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖြူးမြို့နယ်၌ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ဖြူး -  ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်  ကာကွယ်တားဆီးရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းကျဆင်းလာသည်မှာ  ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ယခု အခါတွင် ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာကာ အာဆီယံနိုင်ငံတစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့်နီးကပ် လာလျက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာ ကွယ်တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်ကြောင်း သို့သော်လည်းကြောက်စရာမဟုတ်ပဲ မိဘပြည်သူများ အနေနှင့်လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲမသွားလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်းစည်း(Mask)တပ်ခြင်း၊ လက်ကို စနစ်တကျမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် စည်းမျဉ်း၊ စည်းကမ်းများအား ဆက်လက်လိုက်နာ ကျင့်သုံးသွား ကြပါရန် မြို့ပေါ်ရပ်ကွက်များတွင် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်းသိရသည်။

ဖြူးမြို့နယ်တွင် ဇန်နဝါရီလ(၁၈)ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူမရှိ သောကြောင့် စုစုပေါင်းအတည်ပြုလူနာ(၁၃၇၀)ဦး၊ သေဆုံးသူမှာ (၈၇)ဦးဆေးရုံလက်ကျန် မရှိတော့ပဲ ဆေးရုံမှဆင်းသူဦးရေ(၁၂၆၃)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)