ဇီးကုန်း ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန စံပြမူလတန်းကြို ကျောင်း၌ ကျောင်းသားကျောင်းသူများ ကာယ၊ ဉာဏ စွမ်းရည်များ တိုးတက်စေရန်နှင့် စိတ်ပျော်ရွှင်စေရန်အတွက် ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲများတွင် မူလတန်းကြိုကျောင်းသားကျောင်းသူလေးများက ပြေးပွဲပြိုင်ပွဲများ၊ အိတ်စွပ်ပြိုင်ပွဲ၊ ကြိုးသီပြိုင်ပွဲ၊ အရောင်းရွေးချယ်ပြိုင်ပွဲအပါအဝင် အားကစားပြိုင်ပွဲ(၁၀)မျိုးအား ကျောင်းသား ကျောင်းသူ (၅၀)က ပျော်ရွင်စွာ ယှဉ်ပြိုင်ကစားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအား ဆက်လက်ကျင်းပရာ ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အာကာဖြိုးနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူလေးများကို ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ ကျောင်းသား ကျောင်းသူလေးများအား အစားအသောက်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)