လားရှိုးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ နိုင်ငံသားကတ် မှတ်ပုံတင် ရရှိနိုင်ရေး ဆောင်ရွက်ပေး

လားရှိုး ဇန်နဝါရီ ၁၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနအနေဖြင့် လားရှိုးမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်၊ မှတ်ပုံတင်ကိုင်ဆောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိနေသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ရုံးအနေဖြင့် ဇန်နဝါရီ(၁၈)ရက်နေ့က လားရှိုးမြို့နယ်ရှိ ဟိုနမ့်၊ နမ္မဗောဒ၊ ဟိုပိတ်၊ ပန်သပြေကျေးရွာများမှ နိုင်ငံသားကတ် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမွေးတိုးလုပ်ငန်းများ၊ လဲလှယ် မိတ္တူထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

လားရှိုးမြို့နယ် ဦးစီးမှူး ဦးဝင်းဆွေဦး ဦးဆောင်ကာ ပန်းခင်းစီမံချက်အောင်မြင်ရေးအတွက် ဆောင်ရွက်ရာ၌ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်နေသလို လုံခြုံရေးအရ သွားရောက်နိုင်ခြင်း မရှိသော ကျေးရွာများမှ တိုင်ရင်းသားပြည်သူများကို မြို့နယ်ရုံးသို့ ဖိတ်ခေါ်ကာ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ဇန်နဝါရီ(၁၈)ရက်နေ့အထိ အဆိုပါကျေးရွာများမှ နိုင်ငံသားကတ်၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း လဲလှယ်၊ မိတ္တူထုတ်ပေးခြင်းများကို အမျိုးသား(၁၃၆)ဦး အမျိုးသမီး(၁၂၇)ဦး စုစုပေါင်း(၂၆၃)ဦး အတွက် ဆောင်ရွက်ပေးနိုင်ကြောင်း သိရှိရသည်။

ဟန်ဌေး