မြောက်ဦး ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ (၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော (၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းအနားအတွက် ပေးပို့သော သဝဏ်လွှာအား မြောက်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က ဖတ်ကြားသည်။
ဆက်လက်၍ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အထက်တန်း အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ် ရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများကို အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးကြီးဇော်မျိုးဝင်းမှ လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ လည်းကောင်း၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်နှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်တို့မှ ဆုများချီးမြှင့်ခဲ့ပြီး (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲနှင့် ရိုးရာခြင်းဝိုင်းခတ် ပြိုင်ပွဲများအား ကျင်းပ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)