မိုင်းယန်း ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (Omicron) ရောဂါပိုးအကြောင်း ပြည်သူများသတိပြုသိရှိလိုက်နာစေရန်အတွက် ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးဗီဇပြောင်း (Omicron)ရောဂါအကြောင်း သတိပြုမိကြစေရန်နှင့် ပြည်သူ များအနေဖြင့် လူစုလူဝေးရှောင်၍ တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကိုမဖြစ်မနေ စနစ်တကျတပ်ဆင်ကြရန်၊ လက်ကို မကြာခဏ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် စသည့်အချက်များကို ရှမ်း၊ မြန်မာ ဘာသာတို့ဖြင့် ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး