ရွှေဘိုသွေးမဂ္ဂဇင်း အမှတ် ၂ မိတ်ဆက်ပွဲပြုလုပ်

ရွှေဘို ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ရွှေဘိုမြို့နယ် စာရေးဆရာအသင်းက ကြီးမှူးထုတ်ဝေသော ရွှေဘိုသွေးမဂ္ဂဇင်း အမှတ် ၂ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွှေဘိုသွေးမဂ္ဂဇင်းနာယက ဆရာတော်များဖြစ်ကြသော အရှင်နန္ဒောဘာသနှင့် အရှင်နိမလတို့က မဂ္ဂဇင်းနှင့် ပတ်သက်ပြီး ရေရှည်ရပ်တည်နိုင်ရေးအတွက် ဆွေးနွေး ပြောကြား ခဲ့သည်။

ထို့နောက် ရွှေဘိုသွေးမဂ္ဂဇင်း အမှုဆောင်အယ်ဒီတာချုပ် ဦးအောင်ဘုန်းညို (ရွှေဘိုမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ)က ကလောင်ရှင် အသစ်များစွာ ပေါ်ပေါက်လာစေရေးနှင့် စာဖတ် ပရိသတ်များကို သုတ/ရသ စာပေများ ပေးစွမ်းနိုင်ရေး ရည်ရွယ်ပြီး ထုတ်ဝေခဲ့ ခြင်းဖြစ်ကြောင်း၊ ရွှေဘိုသွေးမဂ္ဂဇင်း ထုတ်ဝေနိုင်ရေး ကြိုးပမ်းခဲ့ရပုံနှင့် ဝိုင်းဝန်းကူညီ ပေးကြသူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အမှုဆောင်အယ်ဒီတာများက မဂ္ဂဇင်းထုတ်ဝေမှု အခြေအနေများကို ကဏ္ဍ အလိုက် ရှင်းလင်းပြောကြားညခဲ့ကြသည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲသို့ စာပေဝါသနာရှင်များ၊ စာရေးဆရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ရွှေဘိုသွေးမဂ္ဂဇင်း အမှတ် ၂ ပါ ဓာတ်ပုံကဏ္ဍဆု ရရှိသူများအား ဒီဇင်ဘာ ၁၄ ရက်နေ့ စာဖတ်ဝိုင်း၊ စာအုပ်လှူဒါန်းပွဲနှင့် ဓာတ်ပုံဆုပေးပွဲကို ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမ၌ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဘိုစိုး(ရွှေဘို)