ဒီဇင်ဘာလ ၁၂ ရက်
လမ်းမတော်မြို့နယ် UMFCCI တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ (၃၀) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းတွင် Virtual Meeting ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သဘာပတိ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ရာ ၂၀၂၀-၂၀၂၁ အလုပ်အမှုဆောင်သက်တမ်းတွင် တာဝန်ယူဆောင်ရွက်ခဲ့သော ဆောင်ရွက်ချက်အကျဉ်းနှင့် လာမည့်သက်တမ်းတွင် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ပြီး “ကျွန်တော်တို့ အလုပ်အမှုဆောင်အဖွဲ့ဟာ တာဝန်ယူတဲ့ ကာလတစ်လျှောက်မှာ အသင်းချုပ်လုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အသင်းသူအသင်းသားများ၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲရှေးရှုပြီး ကြိုးပမ်းဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ်သက်တမ်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလများနှင့် လက်ရှိအခင်းအကျင်း များကြောင့် ရင်ဆိုင်ကြုံတွေ့နေရသော စီးပွားရေးအခက်အခဲများကို ဖြေရှင်းနိုင်ရေး၊ ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေးကိုရှေးရှု၍ အွန်လိုင်းမှတစ်ဆင့် ပြည်တွင်းပြည်ပ မိတ်ဖက် စီးပွားရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး အခက်အခဲများနှင့် စိန်ခေါ်မှုများအပေါ်ကူညီဖြေရှင်း လုပ်ကိုင်ပေးခဲ့ခြင်းများ ဆောင်ရွက် ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
အစီအစဉ်အရ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းမှ ဖတ်ကြားတင်ပြခဲ့ပြီး “နိုင်ငံတော်၏အကျိုးစီးပွား၊ ပုဂ္ဂလိကကဏ္ဍ၏ အကျိုးစီးပွား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိလာစေရေးအတွက် အခက်အခဲများနှင့် စိန်ခေါ်မှုများတွေ့ကြုံနေရစေကာမူ အကောင်းဆုံးအနေအထား ဖြစ်အောင် အမှုဆောင်များမှ စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားပါမည်။ ၂၀၂၀ -၂၀၂၁ သက်တမ်းကာလအတွင်း အသင်းချုပ်၏ အလုပ်အမှုဆောင် အဖွဲ့ဝင်များ အနေဖြင့် အသင်းချုပ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လမ်းညွှန်ပံ့ပိုး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သော သက်ဆိုင်ရာ ကော်မတီများ၊ ဌာန ဆိုင်ရာများ၊ နာယကများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ညီနောင်အသင်းများ၊ အသင်းသားများနှင့် အသင်းချုပ်ဝန်ထမ်းများ၊ အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်အားလုံးတို့အား မှတ်တမ်းတင် ကျေးဇူးတင်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြင်ပစာရင်းစစ် ဝင်းသင်နှင့်အဖွဲ့ စာရင်းစစ်များ၏ စာရင်းစစ်အစီရင်ခံစာကို ဦးဝင်းဗလမင်း(Senior Associate) မှ ဖတ်ကြားတင်သွင်းခဲ့ပြီး နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို တက်ရောက်လာသူများမှ အတည်ပြုခဲ့ကြသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ်အဖြစ် ဝင်းသင်နှင့်အဖွဲ့ စာရင်းစစ်များအား ဆက်လက် ခန့်အပ်ခဲ့ပြီး သဘာပတိ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ရာတွင် “အသင်းချုပ်၏ ရည်မှန်းချက်များဖြစ်တဲ့ ပုဂ္ဂလိကစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းသူ/ အသင်းသားများ၏ အကျိုးအတွက် ဆောင်ရွက်ရာမှာ အဆင်ပြေပြေနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ဟာလည်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းသူ/အသင်းသားများရဲ့ ကူညီပံ့ပိုးမှုများလည်း လိုအပ်မှာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အသင်းချုပ်နဲ့အတူ ယခုလိုပဲစည်းလုံး ညီညွတ်စွာနဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်ပေးဖို့ ကိုလည်း အထူးမေတ္တာရပ်ခံ ပန်ကြားလိုပါတယ်” ဟုပြောကြားခဲ့သည်။
ယနေ့အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံအမတ်ကြီးများ၊ သံတမန်များ၊ စီးပွားရေးသံမှူးများ၊ ပြည်တွင်းပြည်ပရှိ စီးပွားရေးအသင်းအဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးမိတ်ဖက် အဖွဲ့အစည်းများ၊ ကုန်သည်စက်မှု အသင်းချုပ် နာယကများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းသူ အသင်းသားများ စုစုပေါင်း (၅၀၀) ကျော်တို့မှ အွန်လိုင်းမှတစ်ဆင့် တက်ရောက် ခဲ့ကြပြီး ကုန်သည်စက်မှုအသင်းချုပ်၏ (၃၀) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
ကျော်ဆန်းမြင့် (ပြန်/ဆက်)