မြိတ် ဒီဇင်ဘာ ၁၃
ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာ(၁၂)ရက်က မြိတ်မြို့ မြိတ်တောင်ကျေးရွာ ရာပြည့်ရပ်ကွက်တွင် တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုစစ်ဆေးပညာပေး ဆောင်ရွက်ခဲ့ကြပြီး မြိတ်တောင်ကျေးရွာ အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်စွမ်းရည်ပြည့်ဝစေရေးအတွက် ပညာပေးခဲ့သည်။
ရှေးဦးစွာ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးသတိမူရေးနှင့် မီးဘေးကြိုတင် ကာ ကွယ်နိုင်စေရေး ရည်ရွယ်ချက်ဖြင့် တစ်အိမ်တက်ဆင်းမီးသုံးစွဲမှု စစ်ဆေးခြင်း၊ အရေးပေါ် ဖုန်းနံပတ် 191 ပါ မီးသတိပြု စာတမ်းများကပ်ခြင်း၊ ကားလမ်းဖြတ်၍ သွယ်တန်းထားသော လျှပ်စစ်မီးကြိုး၊ ဖုန်းကြိုး၊ ဝိုင်ဖိုင်ကြိုးများကို သတ်မှတ်ထားသော အမြင့်ပေတွင်သာ သွယ်တန်းကြရန် စည်းရုံးပညာပေးခဲ့ကြ၍ မီးဘေးကာကွယ်ရေးအတွက် မီးသတ်ရေကန် တည်ဆောက်မည့်နေရာအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုနောက် မြိတ်တောင်ကျေးရွာ အရန်မီးသတ်စခန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ရေး စက်ပစ္စည်းကိရိယာများ ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုတတ်စေရန်နှင့် ခေတ်မီ မီးငြှိမ်းသတ် နည်းပညာများကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူးမှ သင်ကြားပေးခဲ့ပြီး ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ခရိုင်မီးသတ် ဦးစီးမှူး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အမှတ်(၄) အရန်မီးသတ်တပ်ရင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ်)