ပခုက္ကူ ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေး တို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားသည့် အခြေအနေတို့ကို ယနေ့ နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်မျိုးသူနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်သန့်တို့က ပခုက္ကူမြို့နယ် စည်ပင်သာယာဈေးများဖြစ်သည့် အမှတ်(၁) မြို့မဈေးကြီး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးများ၌ ဈေးအတွင်း/အပြင် မီးဘေးလုံခြုံ စိတ်ချရမှု ရှိ/မရှိ၊ အရေးပေါ် မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ၊ အပေါ့စား မီးသတ်စက်နှင့် ပိုက်ခေါင်းများ၊ မီးချိတ်မီးကပ်နှင့်ရေပုံး၊ သဲပုံးများစသည့် မီးဘေး ကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများ စနစ်တကျ တပ်ဆင်ထားရှိမှု ရှိ/မရှိ၊ ဈေးဆိုင်ခန်းများအလိုက် လျှပ်စစ်မီးစနစ်တကျရယူ သုံးစွဲမှုရှိ/မရှိ၊ ယာယီဝါယာကြိုးသွယ်တန်းထားမှု အခြေအနေ၊ မီးဘေးအန္တရာယ်နှင့် အရေးပေါ် ကြုံတွေ့လာပါက ရေတွင်း၊ ရေကန်များနှင့် မြေတွင်း အုတ်ရေလှောင်ကန်များမှ ရေများ အချိန်မီရယူသုံးစွဲနိုင်ရန် ပြင်ဆင်ထားရှိမှု ရှိ/မရှိ၊ မီးဘေးအန္တရာယ် သတိပေး ပိုစတာဆိုင်းဘုတ်များနှင့် အရေးပေါ်ဆက်သွယ် အကြောင်းကြား နိုင်မည့် ဖုန်းနံပါတ်များ ကြော်ငြာကပ်ထားမှု ရှိ/မရှိ အခြေအနေတို့ကို လိုက်လံကြည့်ရှု စစ်ဆေးကြရာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းနှင့် ဝန်ထမ်းများ၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးကျော်နိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်ကိုလတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းပြသပြီး လက်တွေ့သရုပ်ပြဆောင်ရွက်ကြသည်။
ထို့နောက် ပခုက္ကူမြို့၊ အမှတ်(၁)မြို့မ စည်ပင်သာယာဈေးဌာနစိတ် ရုံးခန်းမ၌ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဈေးအကျိုးတော်ဆောင် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဈေးကြီးနှင့်ပျံကျဈေးများ မီးဘေးလုံခြုံရေးနှင့် ကြိုတင် ကာကွယ်ရေးအတွက် လိုအပ်သည်များ ဝိုင်းဝန်းပေါင်းစပ် ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(M.A)