မိုးနဲမြို့နယ်၌ စိုက်ပျိုးထားသော မိုးသီးနှံပဲတီစိမ်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မိုးနဲ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌  ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာ ယခင်စိုက်ပျိုးထားရှိသော ပြောင်းသီးနှံများ ရိတ်သိမ်းပြီးချိန် ယာခင်းအတွင်း ရှင်းလင်းပြီးနောက် စီးပွားဖြစ် ပြန်လည် စိုက်ပျိုးထားရှိသော ခိုတီဝိုးကျေးရွာနေ ဦးချစ်ကို၏ အစေ့ထုတ်ပဲတီစိမ်း စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပဲတီစိမ်းကို စက်တင်ဘာလ ၁၅ ရက်နေ့ တွင် စတင်စိုက်ပျိုးထားပြီး awba မြေဩဇာကို စိုက်ပျိုးရေး ဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ အသုံးပြုထားရာ ပဲတီစိမ်းပင်များမှာ ဖြစ်ထွန်းလျက်ရှိပြီး မိုးသီးနှံ အစေ့ထုတ် ပဲတီစိမ်း စိုက်ပျိုးရခြင်း အကြောင်းရင်းမှာ အချိန်တိုအတွင်း အမြတ်ပေါခြင်း၊ အရင်းအနှီး နည်းနည်းဖြင့် လုပ်ကိုင်နိုင်ခြင်းနှင့် နှစ်လခွဲသာ ကြာမြင့်သည့်အတွက် ဆောင်းသီးနှံ တစ်မျိုးမျိုးကို ထပ်မံစိုက်ပျိုး နိုင်ခြင်းတို့ကြောင့် စိုက်ပျိုးထားရခြင်းဖြစ်ပြီး မကြာမီအချိန်တွင် အစေ့ထုတ် ပဲတီစိမ်းအပင်များ နှုတ်ယူပြီး အသီးများ ခူးဆွတ်တော့မည်ဖြစ်ကြောင်းနှင့် အခြောက်ခံ နေလှန်းပြီး ရောင်းချသည့်အခါတွင် အမြတ်များများ ရရှိရန် မျှော်လင့်ကြောင့် အစေ့ထုတ် ပဲတီစိမ်း စိုက်ပျိုးထားသူ ဦးချစ်ကို၏ ပြောကြားချက်အရ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)