ကျွန်းစု ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက စပါးသီးနှံ (GAP) စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ လက်မှတ်ရရှိရေး ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က မောင်းလှော်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမိုးအောင်က တောင်သူများအား မြေပြုပြင်ထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ်ရောက်သည့်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့်နည်းလမ်းများ စုစည်းထားသည့် စံလုပ် ထုံးလုပ်နည်း လမ်းညွှန်မှုများဖြစ်သော (Good Agricultural Practices)(GAP) စပါးသီးနှံ စိုက်ပျိုးရေး ဆိုင်ရာ များကို ဆွေးနွေးပြောကြားခဲ့သည်။
ထိုနောက် ခရိုင်မျိုးစေ့တာဝန်ခံနှင့် ဒုတိယဦးစီးမှူးတို့က မျိုးစေ့များနှင့် မြေဆီလွှာများ အကြောင်းကို ပညာပေးပြောကြားခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။