သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်

သီပေါ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေး  နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းကကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါမိမိကစ၍ ကာကွယ်နိုင်ရန်အတွက် တတ်နိုင်သလောက် အိမ်မှာနေပါ၊ အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင် လုပ်ကိုင်ပါ၊ အချင်းချင်း အသိပေး၊ သတိပေးပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောပါ၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက် ခြင်းမှ ရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့ထွက်လေ့ရှိပါက အိမ်ရှိအသက်အရွယ်ကြီးရင့်သူ၊ နာတာရှည် ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း  (Mask) မတတ်ဆင်ထားသော ဈေးရောင်းဈေးဝယ်သူများထံမှ ဈေးမဝယ်ပါနှင့်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် အကြိမ်ပြည့်ခံယူပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ပါ၊ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များတွင် တတ်စွမ်းသရွေ့ စနစ်တကျ ပါဝင်ပူးပေါင်းဆောင်ရွက်ပါ၊ ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူပါစသည့် အချက်များအား အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

  ခင်လေး(သီပေါ၊ပြန်/ဆက်)