သီပေါမြို့နယ်တွင် ဒေသထွက်ခေါပုတ်များ အရောင်းသွက်

သီပေါ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ဒေသထွက်ခေါပုတ်များ အရောင်းသွက်လျက် ရှိကြောင်း သိရသည်။

ခေါပုတ်သည် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာအစားအစာတစ်မျိုးဖြစ်ပြီး ရာသီမရွေးပြုလုပ် ရောင်းချလျက်ရှိရာ ယခုအခါ ဆောင်းရာသီကာလလည်းဖြစ်၊ ရာသီစာလည်းဖြစ်၊ ကြိုက်နှစ်သက်သူများ များပြားလာသည့်အတွက် တစ်နေ့လျှင် ခေါပုတ် ပိဿာချိန် ၆၀ မှ ၇၀အထိ ရောင်းချရကြောင်း၊ ခေါပုတ်ကို ဆောင်းရာသီတွင် အများဆုံးလုပ်၍ ကျန်ရာသီများတွင် အော်ဒါမှာယူသည့် သူများအတွက်သာ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ယခင်က ခေါပုတ် တစ်ပိဿာ ကို ငွေကျပ်၅၀၀၀ဖြင့်ရောင်းချရပြီး ယခုအခါ ကောက်ညှင်းဆန်များ ဈေးတက်လာ၍ တစ်ပိဿာ ငွေကျပ်၆၀၀၀နှုန်းဖြင့် ရောင်းချရခြင်း ဖြစ်ကြောင်း သိရသည်။

ခေါပုတ်များကို မြို့တွင်းနှင့်အခြားမြို့နယ်များမှမှာယူ စားသုံးသူများကို စနစ်တကျထုတ်ပိုးပြီး ပို့ဆောင်ပေးကြောင်း၊ ခေါပုတ်လုပ်ငန်းကို လုပ်ကိုင်ရောင်းချလာတာ ၁၅နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ခေါပုတ် လုပ်ငန်းပိုင်ရှင်ဒေါ်နန်းက ပြောပြခဲ့ပြီး  သီပေါမြို့နယ်တွင် ခေါပုတ်လုပ်ငန်း လုပ်ကိုင်သူ (၅)ဦးခန့်ရှိကြောင်း သိရသည်။

ခင်လေး