မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် လူကုန်ကူးမှုနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်များ ပြသထားရှိ

မိုးညို သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား အများပြည်သူ ကြည့်ရှုသိရှိနိုင်စေရန် အတွက် ပြသထားရှိသည်။

လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်တွင် လူကုန်ကူးမှုပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှု၏ လုပ်ငန်းစဉ်(၃)ဆင့်၊ လူကုန်ကူးမှု ဖြစ်ပွားစေသော အဓိကအကြောင်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးခံရ ခြင်းကြောင့် ရရှိလာသော ဆိုးကျိုးများ၊ လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက် စေသော ဆိုးကျိုးများနှင့် လူကုန်ကူးမှု သံသယရှိပါက ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ ပါဝင်သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မုန်တိုင်းဘေး၊ ငလျှင်ဘေးအစရှိသည့် သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ပါဝင်သည့် နံရံကပ်စာစောင်များအား ပြသထားကြောင်း သိရသည်။

ကိုမင်း(မိုးညို)