မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာပိန်မြစ်ရေ မြင့်တက်လာပြီး ကျေးရွာအုပ်စု မြေနိမ့်ပိုင်းများ အတွင်းသို့ လူနေအိမ်နှင့် စိုက်ပျိုး လယ်မြေများ မြစ်ရေဝင်ရောက်

ဗန်းမော် ဩဂုတ် ၂၀

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ တာပိန်ရေအားလျှပ်စစ်စက်ရုံ၏ အထက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းခြင်း ကြောင့် တာပိန်မြစ်ရေသည်  ယမန်နေ့နံနက် ၇ နာရီခန့်က စတင်၍ တာပိန်မြစ်ကြောင်း အောက်ပိုင်းတစ်လျှောက်ရှိ ကျေးရွာအုပ်စု မြေနိမ့်ပိုင်းများအတွင်းသို့ လူနေအိမ်နှင့် စိုက်ပျိုးလယ်မြေများ မြစ်ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။

မြစ်ရေဝင်ရောက်မှုကြောင့် မိုးမောက်မြို့နယ် စီကော်ကျေးရွာအုပ်စုတွင် အိမ်ခြေ (၁၉၆) အိမ်၊ ကွင်းအမှတ် (၁၄၆) နှင့် (၁၄၇) တို့မှ စိုက်ပျိုးလယ်မြေ (၁၄၀၀) ဧကခန့်ကို လည်းကောင်း၊ မန်နောင်ကျေးရွာ အုပ်စုတွင် အိမ်ခြေ (၁၄) အိမ်၊ ကွင်းအမှတ် (၁၄၁)၊ (၁၄၂/က)၊ (၁၄၂/ခ)၊ (၁၄၂/ဃ)၊ (၁၄၂/င) တို့မှ စိုက်ပျိုးလယ်မြေ (၂၇၀၀) ဧကခန့်ကို လည်းကောင်း၊ ခုံဆင့်ကျေးရွာ အုပ်စုတွင် အိမ်ခြေ (၈) အိမ်၊ ကွင်းအမှတ် (၁၄၅)၊ (၁၄၃)၊ (၁၄၃/က) တို့မှ စိုက်ပျိုးလယ်မြေ (၁၃၀၀) ဧကခန့်ကို လည်းကောင်း၊ ပန်ချိုးဟိုင် ကျေးရွာအုပ်စုတွင် အိမ်ခြေ(၈ဝ) အိမ်၊ ကွင်းအမှတ် (၁၃၉)၊ စိုက်ပျိုးလယ်မြေ (၅၀၀) ဧကခန့်ကို လည်းကောင်း၊ မင်းကျမ်း ကျေးရွာအုပ်စုတွင် အိမ်ခြေ (၆) အိမ်၊ ကွင်းအမှတ်(၁၄၉)၊ (၁၄၈)၊ (၁၄၈/က)၊ (၁၅၁)တို့မှ စိုက်ပျိုးလယ်မြေ (၁၀၀၀) ဧကခန့်ကို လည်းကောင်း၊ မြို့သစ်ကျေးရွာ အုပ်စုတွင် အိမ်ခြေ (၃ဝ) အိမ်၊ ကွင်းအမှတ် (၁၅ဝ)မှ စိုက်ပျိုးလယ်မြေ (၅၅) ဧကခန့်ကို လည်းကောင်း စုစုပေါင်းအိမ်ခြေ (၃၃၄) အိမ်အတွင်းသို့ ရေများ (၁) ပေခွဲခန့် ဝင်ရောက်နေပြီး ကွင်းပေါင်း (၁၇) ကွင်း၊ စိုက်ပျိုး လယ်မြေ (၆၉၅၅) ဧကခန့်တို့ ရေနစ်မြှုပ်လျက်ရှိသဖြင့် အဆိုပါကျေးရွာအုပ်စုများသို့ မြို့နယ်သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို ဦးဆောင်သည့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့တို့က သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရေဝင်ရောက်သည့် အိမ်ထောင်စုများအတွက် ပြောင်းရွှေ့ရန်လိုအပ်ပါက သက်ဆိုင်ရာ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းနှင့် အခြားသင့်တော်သည့် နေရာများတွင် ယာယီတည်းခိုရေးစခန်း ဖွဲ့လှစ်နိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

ရေဝင်ရောက်မှုများကြောင့် ကျေးရွာအုပ်စုများတွင် လူ၊ တိရိစ္ဆာန်များနှင့် အဆောက်အဦများ ထိခိုက်ပျက်စီး ဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။

 

ဗန်းမော်(ပြန်/ဆက်)