မြင်းခြံ ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာရေးဆရာဖေမြင့် ရေးသားသော "မူမှန်စိတ် မူမှန်အတွေး မူမှန်အကျင့်အကြံ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များပြောကြားခဲ့ပြီး Book Club ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက "မူမှန်စိတ် မူမှန်အတွေး မူမှန်အကျင့်အကြံ" စာအုပ်နှင့် ပတ်သက်၍ လူအများစုသည် ဘဝတစ်ခုကို မည်သို့အောင်မြင်စွာတည်ဆောက်နေထိုင်သွားသင့်ကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများကလည်း မိမိတို့ သိရှိလိုသည်ကို ဆွေးနွေးရာ Book Club ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူ (၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)