တောင်တွင်းကြီး ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် တောင်တွင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဦးကျော်သာက မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာမှုနှင့်ပတ်သက်၍ မဲစာရင်းများ မှန်ကန်ရေးကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်ပါဝင်သည့် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ဌာနများအား ဖွဲ့စည်း တာဝန်ပေး ထားပြီးဖြစ်ကြောင်း၊ တာဝန်ချထားပေးသည့် နယ်မြေအလိုက် ပါဝင်သောရပ်ကွက်/ကျေးရွာအုပ်စု၊ မဲရုံ တည်နေရာ၊ မဲဆန္ဒရှင်စာရင်းများကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှကြီးကြပ် ကွပ်ကဲရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်တင်ဇာအောင်က ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခဲ့ရာတွင် လိုအပ်ချက်များကို အချိန်မီပြင်ဆင်ဖြည့်စွက်လျက်ရှိပါကြောင်း၊ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မှန်ကန်တိကျသော မဲစာရင်းများရရှိရေး အတွက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မဲဆန္ဒရှင်စာရင်း စီစစ်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များက မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းများ ကဏ္ဍအလိုက်ဆောင်ရွက်ရမည်များကို အသီးသီး ဆွေးနွေးခဲ့ ကြကြောင်းသိရသည်။
အေးမိုးမိုးမြင့်(ပြန်/ဆက်)