မိုးကုတ်၊ ဩဂုတ် ၂၀
မိုးကုတ်မြို့နယ်အတွင်း အများပြည်သူနှင့်အများဆုံးထိတွေ့ဆက်ဆံရာတွင် အဓိကနေရာမှာ ရပ်တည်နေသည့် စျေးနှင့်စားသောက်ဆိုင်များ အတွက် ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းကပူးပေါင်းအဖွဲ့မှ ရှောင်တခင်၀င်ရောက်စစ်ဆေးခဲ့သည်။
အဆိုပါစျေးဆိုင်များ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ရောင်းချမှုရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော် ဟိန်းဦးဆောင်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာ၀န်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးထွန်းမင်းနိုင်၊မြို့နယ်မီးသတ်တပ်ဖွဲ့မှုး ဦးနန္ဒထွန်းနိုင်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းတို့ပါ၀င်သည့် မြို့နယ်စစ်ဆေးရေးအဖွဲ့သည် မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စျေးများနှင့်စားသောက်ဆိုင်များကို ရှောင်တခင်၀င်ရောက်စစ်ဆေးကာ သတ်မှတ်စည်းကမ်းနှင့်ညီညွတ်မှုမရှိသည့်ဆိုင်များအား သတိပေးခြင်းများ၊ ဒဏ်ရိုက်ခြင်းများကို တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ စျေးဆိုင်များ စည်းကမ်းစနစ်ဖြင့်ညီညွတ်စေရေး ရှောင်တခင်စစ်ဆေးခြင်းကို ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေး၀န် ကြီးဌာန၏ သတိပေးထုတ်ပြန်ထားချက်များနှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ စျေးနှင့်စားသောက်ဆိုင်များအတွက် ထုတ်ပြန်ထားရှိ သည့် ညွှန်ကြားချက်များကို ထပ်ဆင့်ရှင်းလင်းပညာပေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထွန်း(ပြန်ဆက်)