ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း မိုင်းယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များအားတွေ့ဆုံ

မိုင်းယန်း    အောက်တိုဘာ    ၁၄

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ နာယက၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မိုင်းယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲ ကျင်းပခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ပေးဖို့ လာရောက်ခြင်း ဖြစ်ပကြောင်း၊ အောက်တိုဘာလအတွင်း  အခြေခံပညာကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အစီအစဉ်ဖြင့် အသက်(၁၂)နှစ် အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည့် လုပ်ငန်းများကို မြို့မိမြို့ဖများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို အမှာစကားပြောကြားပြီး တက်ရောက်လာကြသော ရပ်မိရပ်ဖများက (၂၄)နာရီ လျှပ်စစ်မီးလင်းရေးကိစ္စ၊ မိုင်းယန်းမြို့နယ်တွင် ဧပြီ၊ မေ၊ ဇွန်လတို့တွင် နှစ်စဉ်ရေရှားပါးမှုဒဏ်ကို ပြည်သူများ အင်မတန်ခံစားနေရပါသဖြင့် ရေရရှိရေးလုပ်ငန်းကို ဆောင်ရွက်ပေးစေချင်ပါကြောင်း၊ မြို့တွင်းလမ်းများ ပြင်ဆင်နေသော်လည်း ကျောက်တိုင်-ပါမိုင်သွားလမ်း အရှည်ပေ ၆၅၀ ကျန်ရှိနေသဖြင့် ပြင်ဆင်နိုင်ရေး ရန်ပုံငွေထပ်မံခွင့်ပြု ပေးစေလိုကြောင်း၊ ကျိုင်းဟင်ရပ်ကွက်နှင့် ဈေးတန်းရပ်ကွက်ဆက်တဲ့လမ်း ကန်(၂)ခုကို မြေထိန်းနံရံ တည်ဆောက်ပေးရန် စသည်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ မိုင်းယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအတွက် ငွေကျပ်(၁၀)သိန်းနှင့် PPE ဝတ်စုံ(၁၀၀)၊ အသက်ရှူစက် (Oxygen Concentrator)(၉)လုံး၊ Rubbing Alcohol (၉၀) တို့ကို ထောက်ပံ့ပေး အပ်ရာ မိုင်းယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီနာယက၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းမှ Mask(၁၀၀၀၀)၊ Surgical Grown လက်အိတ်(၁၅၀)၊ Face Shield(၂၀၀)တို့ကို ထောက်ပံ့ပေး အပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဦးဘက လက်ခံရရယူပြီး ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကား ပြောကြားကာ မိုင်းယန်းလူငယ်အသင်းဥက္ကဋ္ဌ ဦးစိုင်းလှိုင်ခမ်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)၊ ထွန်းထွန်းထူး