ရပ်စောက် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်းချသူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်းရှိ/မရှိ (RTD) Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးကြီး၌ တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြသည်။
ရပ်စောက်မြို့မဈေးအတွင်း၌ ဈေးရောင်းချသူများ၊ ယာဉ်လိုင်းများမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ၊ ယာဉ်လိုင်းဂိတ် ဝန်ထမ်းများ၊ သုံးဘီးဆိုင်ကယ်/မော်တော်ဆိုင်ကယ်ကယ်ရီ မောင်းသူများနှင့် တွန်းလှည်းတွန်းသူများ စုစုပေါင်း (၁၈၅)ဦးကို ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်းရှိ/မရှိ (RTD) Test Kit ဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက စစ်ဆေးပေးခဲ့ရာ ပိုးတွေ့ရှိသူ မရှိကြောင်းသိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီဥက္ကဌ ဦးသိန်းဇော်ဝင်း၊ အဖွဲ့ဝင်ရဲမှူးစိုးနိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်တို့မှ ကြီးကြပ် ဆောင်ရွက်ပေးခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ဈေးအကျိုးတော်ဆောင်ကော်မတီတို့မှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)