မိုင်းတုံ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်သူများအား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမှ လျော့နည်းပပျောက်ရေးအတွက် မဖြစ်မနေ မိမိအိမ်အပြင်ထွက်ရမည်ဆိုပါက နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ လက်ကို မကြာခဏ စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ ပြင်ပမှ ပြန်လာလျှင် မိမိအိမ်မှမိသားစုများနှင့် မထိတွေ့မိစေရန်၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများနှင့် နီးကပ်စွာမနေရန်နှင့် အစားအသောက်များကို အတူမစားရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရန်၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် စည်းကမ်းတကျ ရောင်းချသွားရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၏ ကြီးကြပ်မှုဖြင့် ထွေအုပ်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းဘာသာ၊ ဗမာဘာသာ၊ လားဟူဘာသာ ဘာသာ(၃)မျိုးဖြင့် ဟောင်လီကျေးရွာ၊ ဖာချယ်ကျေးရွာ၊ ဝမ်နားကျေးရွာနှင့် မြို့ပေါ် (၄) ရပ်ကွက်တို့တွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)