အမ်းမြို့နယ်၌ အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေး

အမ်း စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို  တတိယအသုတ်အနေဖြင့် အသက်(၅၅)နှစ်အထက်ရှိသူများ၊ ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ကာ မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ် (၉)နေရာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၉၇၄)လုံးရရှိပြီး တစ်လုံးလျှင်(၅)ဦးနှုန်းဖြင့် လူဦးရေ (၄၈၇၀)ဦးအတွက် ပထမနေ့အဖြစ် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ လိုအပ်သည့် အကူအညီများဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။

ယနေ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသူများတွင် အသက်(၅၅)နှစ်အထက် ပြည်သူများ၊ နာတာရှည် ရောဂါဖြင့် ကျန်းမာရေးမကောင်းသည့် သက်ကြီးဘိုး/ဘွားများ၊ မသန်စွမ်းသူများ ဦးစားပေးအုပ်စုအဖြစ် ပါဝင်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အသက်အရွယ်အလိုက် အုပ်စုများခွဲကာ ကျန်းမာရေး စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျ ဆေးထိုးနှံခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)အကြာ အနားယူပြီးမှ ပြန်ခွင့်ပြုခြင်းတို့ကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများမှ ဆောင်ရွက် လျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့များ၊ သက်ဆိုင်ရာ      ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းအိမွန်