တနင်္သာရီ စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကိုဗစ် ကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကူးစက်ခံရသော်လည်း ပြန်လည် ကောင်းမွန်လာသော ဆီးချိုရောဂါအခံရှိသူ ဦးအောင်ငွေ၏ ရင်တွင်းစကားသံကို ယခုလိုပဲဖော်ပြပေးလိုက်ရပါသည်။
ဦးအောင်ငွေ(ချောင်းငယ်ရပ်ကွက်၊ တနင်္သာရီမြို့နယ်)
ကျွန်တော်ကတော့ ဦးအောင်ငွေဖြစ်ပါတယ်၊ ချောင်းငယ်ရပ်ကွက်၊ အာယုလမ်းတွင် နေထိုင်သူ ဖြစ်ပါတယ် အသက် (၅၇)နှစ်ပါ၊ ကျွန်တော်က ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားပြီးဖြစ်ပါတယ်၊ စက်တင်ဘာလ(၁)ရက်နေ့ တွင် ဒုတိယအကြိမ်ထိုးရမှာဖြစ်ပါတယ်၊ ဆရာဝန်ကြီးမှ ကိုဗစ်-၁၉ ကူးစက်ခံထားရတာဖြစ်တဲ့အတွက် (၆)လကြာမှ ထိုးရန်ညွှန်ကြားထား ပါတယ်၊ နှာစေး၊ ချောင်းဆိုးပြီးရင်ဘတ်အောင့်တာတွေ ကျောအောင့်တာတွေဖြစ်လာတယ်၊ ရင်တုန်လာလို ဆေးရုံတွင်သွားပြရာ မြို့နယ်ဆရာဝန်ကြီးမှ ကိုဗစ်-၁၉ စစ်ဆေးရာ Positive ဖြစ်နေရာ ဆေးရုံအထူး ကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူစေပါတယ်၊ ကုသဆောင် ရောက်သည်နှင့် အောက်ဆီဂျင်တိုင်းပါတယ်၊ ကျွန်တော်ရဲ့ အောက်ဆီဂျင်က (၈၇/၈၈)ရှိနေတော့ အောက်ဆီမရှုရဘဲ ခန္ဓာကိုယ်ကို ဘေးစောင်းအိပ်၊ မှောက်အိပ်၍ နေရပါတယ်၊ အောက်ဆီဂျင် ကျသွားမှာစိုးသဖြင့် ပက်လက်အနေအထားဖြင့်မအိပ်ခိုင်းပါ၊ ဆရာဝန်ကြီး၏ လမ်းညွှန် ချက်ဖြင့် ဆရာမများက ပိုးသတ်ဆေး(၅)ရက် ထိုးရပါသည်။ သောက်ဆေးအနေနဲ့ကတော့ ပထမရက်မှာ (၈)လုံး၊ ဒုတိယ ရက်တွင်(၄)လုံး၊ ကျန်သည့်ရက်များတွင်နေ့စဉ်(၂)လုံးပုံမှန်စားရပါသည်။ ဆေးကုသတာ(၅)ရက် မြောက်သည့်နေ့မှာ နောက်ကျောအောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်းများ သက်သာလာပါတယ်၊ ဆရာမများက နံနက်တိုင်းတွင် အောက်ဆီဂျင် တိုင်းပေးပါတယ်၊ ကျွန်တော်မှာဆီးချိုအခံရှိပါတယ် ဆေးရုံရောက်တော့ ဆီးချို(၂၅၀/၃၀၀)ထိတက်ပါတယ်၊ ဆရာမများ ကသွေးပေါင်ချိန်၊ အောက်ဆီဂျင်နှင့်ဆီးချိုများ လာရောက်တိုင်းပေး ပါတယ်၊ ကျွန်တော် ဆေးရုံတွင် (၁၁)ရက်နေရ ပါတယ်၊ ကျန်းမာရေးအခြေအနေကောင်းလို့ မြို့နယ် ဆရာဝန်ကြီးမှ အိမ်သို့ ဆင်းခွင့်ပြုပြီး အိမ်တွင် (၁၀)ရက်ထပ်နေရန် ပြောပါတယ်၊
ကျွန်တော့်တွင်ဆီးချိုအခံရှိတဲ့အတွက် အလေးထားဆောင်ရွက်ရပါတယ်၊ ဆေးရုံမှ ဆရာ/ဆရာမ တွေကလည်း ဂရုစိုက်ကုသပေးပါတယ်၊ ဆေးကောင်းတွေလည်း လမ်းညွှန်ပေးပါတယ်၊ ကျွန်တော်က အသက်ကြီးတဲ့သူဖြစ်တဲ့အတွက် အားဆေးလည်း သောက်ရပါတယ်၊ ကျန်းမာရေး ဌာနက လမ်းညွှန်ထားတဲ့ညွှန်ကြားချက်အတိုင်း ပဲလိုက်နာရင် ပိုကောင်းပါတယ်၊ လူစုလူဝေး ရှောင်ပါ၊ အပြင်ထွက်ရင်ပါးစပ်နှင့်နှာခေါင်းစည်း(Mask)တပ်ပါ၊ လက်ကိုမကြာခဏဆေးပါ ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာပါက ကိုဗစ်-၁၉ ရောဂါကို မိမိအတွက် ကာကွယ်ရန် အကောင်းဆုံးဖြစ်ပါတယ်လိုယုံကြည်ပါတယ်ခင်ဗျား
သီသီခိုင်(တနင်္သာရီ)