မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် ဆွေးနွေး

မိုင်းယောင်း စက်တင်ဘာ ၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှု လျော့နည်းကျဆင်းစေရေးအတွက် မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မြက်ခင်းပြင်၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းတို့က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊  အောက်ဆီဂျင်ရရှိမှုအခြေအနေများကို ဆွေးနွေးသည်။

ထို့နောက် မြို့မိမြို့ဖများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ရောဂါကူးစက်မှု လျော့နည်းကျဆင်း စေရေးအတွက် ဒေသအခြေအနေနှင့် ကိုက်ညီသော လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)