မော်လိုက်မြို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လှူဒါန်း ငွေများပေးအပ်

မော်လိုက် စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လှူဒါန်းငွေများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စုစုပေါင်းလှူဒါန်းငွေ ကျပ်(၂၁၂၇၀၀၀)အား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သီဟဝင်းက အလှူငွေကျပ် တစ်သိန်းကို လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်မင်းက အလှူငွေကျပ် ငါးသိန်း ကို လည်းကောင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စုစုပေါင်း လှူဒါန်းငွေကျပ် (၇၃၇၀၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက လည်းကောင်း အသီးသီးပေးအပ် လှူဒါန်းခဲ့ရာ မော်လိုက်မြို့ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနောင်ထွန်းနှင့် ဘဏ္ဍာရေးမှူး ဦးကျော်စွာလင်း တို့က လက်ခံရယူခဲ့ကြသည်။

ထို့နောက် မော်လိုက်မြို့ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲနောင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများက မော်လိုက်မြို့ အောက်ဆီဂျင်စက်ရုံသို့ သွားရောက်ကာ အောက်ဆီဂျင်ထုတ်လုပ်သည့်စက် တပ်ဆင်ထားရှိမှု အခြေအနေများအား သွားရောက် ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် လှူဒါန်းထောက်ပံ့ငွေ ကျပ်သိန်း (၁၆၀၀)ရရှိထားပြီး ယခုခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ဝန်ထမ်းများ၏ လှူဒါန်းငွေပေါင်း ကျပ်သိန်း(၂၉ ဒသမ ၆၄)ရရှိခဲ့သဖြင့် စုစုပေါင်း လှူဒါန်းငွေ ကျပ်သိန်းပေါင်း(၁၆၂၉ ဒသမ ၆၄)သိန်း ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

မော်လိုက်သားလေး