စစ်ကိုင်း စက်တင်ဘာ ၁၆
စစ်ကိုင်းမြို့နယ်တွင် ပြည်ပဝင်ငွေ ရရှိနိုင်မည့် နှံစားပြောင်း ၂၅၃၁ ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
"ပြည်ပဝင်ငွေရရှိနိုင်မည့် နှံစားပြောင်းသီးနှံတွေကို မေလလယ်လောက်မှာ စတင်စိုက်ပျိုးနိုင်ပြီး စစ်ကိုင်းမြို့နယ် အတွင်းမှာ ၂၀၂၀-၂၀၂၁ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဧက ၃၃၀၀ ဧက စိုက်ပျိုးနိုင်ရန် လျားထားပါတယ် လက်ရှိအချိန်အထိ ၂၅၃၁ ဧက စိုက်ပျိုးပြီးစီးပြီး ဖြစ်ပါတယ် ဒီနှံစားပြောင်းက နိုင်ငံ ခြားဝင်ငွေ ရရှိနိုင်ပါတယ် ပြည်တွင်းမှာလည်း တစ်တင်းကို ငွေကျပ် ၁၂၀၀၀ ကျပ်လောက်ထိရရှိနိုင်ပါ တယ် တစ်ဧကကို ထိထိရောက်ရောက် ပြုစုပေးမယ်ဆိုရင် တင်း ၅၀ ကနေ ၇၀ အထိ ထွက်ရှိပါတယ် ပြောင်းလဲလာတဲ့ ရာသီဥတုနှင့်အညီ လိုက်လျောညီထွေစွာ စိုက်ပျိုးလို့ရတဲ့ သီးနှံတစ်မျိုးပါပဲ" ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍သိရသည်။
ယခုအခါ စစ်ကိုင်းမြို့နယ်တွင် သက်လျင်နှံစားပြောင်းမျိုးများဖြစ်သည့် သဇင်-၁ ၊ သဇင်-၂ ၊ သဇင်-၃ မျိုးများကို စမ်းသပ်စိုက်ပျိုးလျက်ရှိပြီး တောင်သူများကိုလည်း စိုက်ပျိုးရေး နည်းပညာများကို စဉ်ဆက်မပြတ် ပေးဝေလျက်ရှိပြီး မျိုးစေ့များကိုလည်း ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်