မိုးမိတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့

မိုးမိတ်  စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လ အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (MCCT) ငွေကြေးထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်က   မိမိတို့ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များကို ထောက်ပံ့ငွေပေးအပ်ရာတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် အိမ်တိုင်ရာရောက် ပေးအပ်သွားရန်နှင့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချောစုဝင်းက ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးသူငယ်များ (MCCT) ငွေကြေး ထောက်ပံ့ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များကို တစ်ဦးလျင် (၄၅၀၀၀) ကျပ်နှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး  ကိုဗစ်၁၉ ကာလဖြစ်သောကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်မှူးများမှတဆင့် ထောက်ပံ့ပေး အပ်ရခြင်း ဖြစ်ကြောင်းနှင့် မိုးမိတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် (၆၃၂)ဦးနှင့် အသက်(၂) နှစ်အောက် ကလေးငယ်(၅၂၂) ဦး ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။         

မိုးမိတ်သား(စည်သူဌေး)