ဟိုပန် စက်တင်ဘာ ၁၅
ဟိုပန်မြို့၌ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ အသက်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က ဟိုပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ပြုလုပ်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရှမာရိနှင့် ဓမ္မစကူး ပရဟိတအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်မှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ပြည်သူများ ကျယ်ပြန့်စွာသိရှိနိုင်ရေးဌာနဆိုင်ရာနှင့် ပရဟိတအဖွဲများက တတ်နိုင်သည့်နည်းလမ်းများမှတစ်ဆင့် ပြည်သူများအားအသိပေးသွားရန်၊ ကာကွယ်ဆေးထိုးနှံမည့် စုရပ်နေရာသတ်မှတ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက် ထိုးနှံမည့်သူများအား မှတ်ပုံတင်တစ်ပါတည်းယူဆောင်လာကြရန်နှင့် မှတ်ပုံတင်ယူဆောင်လာခြင်း မရှိသူများကို ကာကွယ်ဆေးထိုးပေးမည်မဟုတ်ကြောင်း ပြည်သူများသိရှိနိုင်ရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့သည်။ ထို့နောက်အစည်းအဝေးသို့တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ပရဟိတ လူမှုရေးအဖွဲ့များက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးခဲ့ကြသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့သို့ စက်တင်ဘာလ(၁၅)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) အလုံးရေ(၂၅၃)လုံးရောက်ရှိမည်ဖြစ်ပြီး ဆေး(၁)လုံးလျှင် လူ(၅)ဦးနှုန်း ဖြင့် အသက်(၆၀)နှစ်မှ (၆၄)နှစ်အထိ လူဦးရေ(၁၁၄၄)ဦးအတွက် (၂၂၉)လုံး၊ အသက်(၅၅)နှစ်မှ (၅၉)နှစ်အထိ လူဦးရေ (၁၂၀)အတွက် (၂၄)လုံး၊ စုစုပေါင်းလူဦးရေ (၁၂၆၄)ဦး အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအားရရှိထားပြီး စက်တင်ဘာလ(၁၇)ရက်နေ့တွင် စတင်ထိုးနှံ့ပေးသွားမည်ဖြစ်ကာ အသက်သတ်မှတ်ချက်နှင့် ပြည့်မီသူမည်သူမဆို ကာကွယ်ဆေးအားထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)