ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ စိုက်ပျိုးသည့် မိုးသီးနှံသကြားပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

ပွင့်ဖြူ      စက်တင်ဘာ     ၁၅

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် (နွေ ၊ မိုး ၊ ဆောင်း) သုံးရာသီ စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြရာ ယခုနှစ်တွင်လည်း မိုးသီးနှံသကြားပြောင်းဖူးစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းကာ ရောင်းချရချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ ဖူးစားပြောင်းဖြစ်တဲ့ သံကြားပြောင်းဖူးသီးနှံကို (နွေ၊ မိုး ၊ ဆောင်း) သုံးရာသီ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ တောင်သူအများစုကတော့  ယခုလို ဖူးစားပြောင်း ၊ ငှက်ပျော ၊ ငရုတ် ၊ ကြက်သွန် ၊ ခရမ်းချဉ် ၊ ကုလားပဲ ၊ အခြား ဟင်းသီးဟင်းရွက်သီးနှံစားပင်များကို စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ ဖူးစားပြောင်းကိုတော့ သုံးရာသီလုံး စိုက်ပျိုးကြပါ တယ်။ ယခုနှစ်မှာလဲ တောင်သူတွေ မိုးသီးနှံအဖြစ် စိုက်ပျိုးတဲ့ ဖူးစားပြောင်းစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ စိုက်ပျိုးတဲ့ ဖူးစားပြောင်းမျိုးကတော့ အရပ်ခေါ် ပန်ရွှေသံကြား ပြောင်းမျိုး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြောင်းဖူးတစ်ဖူးကို လက်လီဈေးနှုန်း ငွေကျပ် ၂၀၀ ရောင်းချရပြီး ၊ ဖောက်သည် ဈေးက တစ်ဖူးကို ငွေကျပ် ၁၅၀ ဖြင့် ရောင်းချရပြီး တစ်ဧကစိုက်ပျိုးရာ ငွေကျပ် ၁၀ သိန်းခန့် ရရှိခဲ့ပါတယ်။  ဒီနှစ်မှာလဲ မိုးသီးနှံသံကြားပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိလို့ သီးနှံပေါ်ချိန်မှာ ဈေးကောင်းရရှိဖို့ တောင်သူတွေအားလုံး မျှော်လင့်နေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဆည်တော် ကျေးရွာမှ သကြားပြောင်းဖူးသီးနှံ စိုက်ပျိုးတောင်သူတစ်ဦးက ပြောကြားသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများရှိ တောင်သူများသည် မြေအောက်ရေဖြင့် စိုက်ပျိုးရေး လုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း) သုံးရာသီ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် မဲဇလီရေလွှဲဆည်မှ ဖြန့်ဝေပေးသည့် ဆည်ရေဖြင့်လည်း စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။  စိုက်ပျိုးသည့်သီးနှံများမှာ စပါး ၊ ပြောင်း ၊ ကုလားပဲ ၊ နှမ်း ၊ ပဲတီစိမ်း ၊ ပဲထောပတ် ၊ ငရုတ် ၊ ကြက်သွန် ၊ ခရမ်းချဉ် ၊ ငှက်ပျောနှင့် ဟင်းသီးဟင်းရွက် စားပင်သီးနှံများကို အားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ်တွင် မိုးသီးနှံဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

 ရဲဝင်းနိုင် ( ညောင်ဦး)