လက်ပံတန်းမြို့တွင် ၂၀၂၁-၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ကြမ်းခင်း ဈေးပြင်ဆင် ရောင်းချသည့် အင်း၊ တင်ဒါချက်များ လေလံရောင်းချ

လက်ပံတန်း စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ  ၂၀၂၁ -၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ကြမ်းခင်း ဈေးပြင်ဆင်ရောင်းချသည့် အင်း၊ တင်ဒါချက်များ လေလံရောင်းချခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်၂ လမ်းခန်းမ ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ လေလံတင်ရောင်းချပွဲတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးမင်း၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းတို့က ၂၀၂၁-၂၀၂၂ ခုနှစ်ငါးလုပ်ငန်းရာသီအတွက် ဂရန်အင်းနှင် တင်ဒါချက် များ၏ လိုက်နာရမည့် စည်းကမ်းချက်များ၊ ဂရန်အင်းများမှ ငါးထွက်ရှိမှုနှုန်း တိုးတက်လာစေရန် အင်းလေလံဆွဲဝယ် ရရှိသူသည် ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားသည့်အတိုင်း အင်းအတွင်း ငါးမျိုးစိုက်ထည့်ရန် ပြောကြားခဲ့သည်။

ထိုနောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်း၊ ခရိုင် ငါးလုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှ ဦးစီးမှူး ဦးဇော်မင်းလွင်နှင့် တာဝန်ရှိသူများက ဂရန်အင်းများ လေလံတင်ရောင်းချရာ အင်း (၁၀)အင်းနှင့် တင်ဒါ (၆)ချက်တို့ကို အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန်ငွေ ကျပ် (၆၂၇၂၀၀၀၀) ခြောက်ရာနှစ်ဆယ့်ခုနှစ်သိန်း နှစ်သောင်းကျပ်နှင့် တင်ဒါ(၆)ချက် အတွက် (၄၁၇၀၀၀၀) လေးဆယ့်တစ်သိန်း ခုနှစ်သောင်းကျပ်တိတိတို့အား နိုင်ငံတော် အခွန်ငွေရရှိခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး