မန္တလေး စက်တင်ဘာ ၁၅
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရွေ့လျား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးအဖွဲ့မှ ပြည်သူများအား ကိုဗစ်၁၉ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေး ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အနှိပ်တော်ရပ်ကွက်၊ အကွက်(၁၂/က)ရှိ သမဂ္ဂဓမ္မာရုံတွင် ပြုလုပ်သည်။
ထိုသို့ စစ်ဆေးပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရွေ့လျား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးအဖွဲ့မှ သူနာပြုဆရာမကြီး ဒေါ်နော်စန်းစန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်နေပြည်သူ (၃၆) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးပေးကြရာ ရောဂါပိုး တွေ့ရှိသူမရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး အောင်သန်းဇော်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါက်တာလင်းလင်းချစ်နှင့် တာဝန်ရှိ သူများက လာရောက်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး အနှိပ်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကျော်နှင့် ရာအိမ်မှူးများ၊ လုံခြုံရေး တပ်ဖွဲ့ဝင် များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)