တနင်္သာရီမြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာလတွင် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးတို့ကို ရောင်းချပေးလျက်ရှိ 

တနင်္သာရီ စက်တင်ဘာ ၁၅ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်စေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးများကို မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် စက်တင်ဘာလ (၁၃) ရက်နေ့မှစ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ အခြေခံစားသောက်ကုန်များကို တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ စီစဉ် ဆောင်ရွက်မှုဖြင့် ကြက်သွန်နီ(၁)ပိဿာ (၈၀၀)ကျပ်၊ ကြက်သွန်ဖြူ(၁)ပိဿာ (၃၂၀၀) ကျပ်နှင့် အာလူး(၁)ပိဿာ (၁၃၀၀)ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း မြို့နယ် သမဝါယဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်ထံမှ သိရှိရသည်။ 

အခြေခံစားသောက်ကုန်များရဲ့ ဒေသပေါက်ဈေးမှာ ကြက်သွန်နီ(၁)ပိဿာ(၁၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(၁)ပိဿာ(၅၀၀၀)ကျပ်နှင့် အာလူး(၁)ပိဿာ (၁၈၀၀)ကျပ်ရှိကြောင်း၊ မြို့နယ် သမဝါယမဦးစီးဌာနမှ ရောင်းချပေးသည့် အခြေခံစားသောက်ကုန်(၃)မျိုးမှာ လက်လီ၊ လက်ကား ဝယ်ယူနိုင်တဲ့အပြင် ဈေးနှုန်းချိုသာတဲ့အတွက် ရောင်းသူ၊ ဝယ်သူ အဆင်ပြေလျက်ရှိကြောင်း လာရောက်ဝယ်ယူသူ ဒေါ်ဝင်းကြည်ထံမှ သိရသည်။

 

သီသီခိုင်(တနင်္သာရီ)