နမ္မတူမြို့နယ် ကြူဆော့ (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်

နမ္မတူ စက်တင်ဘာ    ၁၅

နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကြူဆော့ (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ()နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန် ရည်ရွယ်၍ နမ္မတူမြို့နယ် ကြူဆော့ (IDP)စခန်းရှိ တိုက်ပွဲရှောင် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ စခန်းအတွင်း၌သာ နေထိုင်ကြရန်၊ မိမိစခန်းသို့ ပြင်ပမှလာသော ဧည့်သည်များကို လက်မခံရန်၊ မိမိတို့မှလည်း သူတစ်ပါးအိမ် သွားရောက်ခြင်း မပြုရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ပါစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ ၆ ပေ အကွာမှ ခပ်ခွာခွာနေရန်၊ (Mask)မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ မိမိတို့နေအိမ်များအား လေဝင်လေထွက် ကောင်းစေရန်အတွက် ပြူတင်းတံခါးများ ဖွင့်ထားရန်၊ နေအိမ်ပြင်ပက ပြန်လာပြီးတိုင်း လုပ်ဆောင်ရမည့်နည်းလမ်းများ၊ မိမိကိုယ်ကို သံသယလက္ခဏာ တစ်စုံတစ်ရာ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ကုသမှုခံယူရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြရန် အသိပညာပေးဆော်ဩ ခဲ့သည်။

နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၅၁၅ဦး ရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၃၄၁ဦးရှိကာ၊ ၁၅ဦး သေဆုံးခဲ့ပြီး၊ ဆေးကုသဆဲ ပိုးတွေ့လူနာ ၁၅၉ ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။          

လူမော် (ပြန်/ဆက်)