တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

တိုက်ကြီး စက်တင်ဘာ  ၁၅

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းလာစေရေး အတွက် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်းကို ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး ရည်ရွယ်၍ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေပိုင်းအချိန်က တာဝန်ရှိသူများက မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အိမ်အပြင် ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ထားရန်၊ လူအများနှင့်ထိတွေ့ဆက်ဆံရပါက မျက်နာအကာ(Face Shield)တွဲဖက် တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ကြရန်နှင့် လူစုလူဝေးရှောင်ရှားကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်၊ အိမ်အပြင်ဘက်ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ်အထက် အသက်အရွယ် ကြီးရင့်သူ၊ ဆီးချို/သွေးတိုး၊ နှလုံးစသည့် နာတာရှည် ရောဂါအခံရှိသူများနှင့် အနီးကပ် နေထိုင်ခြင်း အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ကြရန်၊ အသွားအလာတားမြစ်ပိတ်ပင်၍ သီးသန့် ခွဲခြား နေထိုင်စေခြင်း (Quaratine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပါဝင်ပူးပေါင်းကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက် လိုက်နာရန်၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူရန်နှင့် အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျမတပ်ဆင်ခြင်းနှင့် လူစုလူဝေး ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး နှိုးဆော်တိုက်တွန်း ထားပါသည်။

အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၏ စီစဉ်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်၊ကျေးရွာအုပ်စု (၉၅)အုပ်စုတို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိလမ်းများ၊ လမ်းဆုံများ၊ လူစည်ကားရာဈေး၊ ကားဂိတ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို သိရှိလိုက်နာနိုင်စေရေးအတွက် အသံချဲ့စက်များ၊ လက်ကိုင်စပီကာများဖြင့် အသိပညာပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်