တာချီလိတ် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စွမ်းစွမ်းတမံကူညီဆောင်ရွက် နေကြသည့် ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များအတွက် တာလေမြို့ရှိ ရန်ကင်းဆီပန့် မိသားစုမှ ထိုင်းဘတ်ငွေ ငါးသောင်းခန့် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စွက် အစာများကို ယမန်နေ့က ဝမ်လုံးအသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ၌ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပ့ံလှူဒါန်းရာတွင် ထိုင်းဘတ်ငွေ ငါးသောင်းခန့် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ ခေါင်းစွပ်များ၊ လူနာတင်စင် (၆)စင်၊ ပိုးသတ်ဆေးမှုန့်၊ ဆေးရည်များနှင့် အာဟာရဖြည့်စွက်အစာများဖြစ်သည့် ကြက်ဥ၊ ပဲနို့များစသည့် စားသောက်ဖွယ်ရာများကို တာလေမြို့ရှိ ရန်ကင်းဆီပန့်မိသားစုက ပေးအပ်လှူဒါန်းခဲ့ရာ တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသ ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင် နှင့် အဖွဲ့တို့မှ လက်ခံရယူခဲ့ပြီး ပရဟိတလူမှုကူညီရေးအသင်းများသို့ ဆက်လက်ခွဲဝေ ပေးအပ်ခဲ့ကြောင်းသိရသည်။
တာလေမြို့ရှိ ရန်ကင်းဆီပန့် မိသားစုမှ တာချီလိတ်မြို့ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် ထားရှိသည့် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ရှိ အတည်ပြု လူနာများအား အချိန်ပြည့် မေတ္တာစေတနာဖြင့် ကူညီစောင့်ရှောက်မှုပေးနေသော တာချီလိတ်မြို့ရှိ ပရဟိတ လူမှုကူညီရေးအသင်း (၈)သင်းသို့ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ၎င်းအပြင် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံ ဆင်းခွင့်ရရှိသူ မိုင်းဆတ်မြို့သို့ ပြန်ကြမည့် ခရီသည်လေးဦးအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ တစ်ထောင်ကျပ်စီကိုလည်း ခရီးစရိတ် အဖြစ်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
တာချီလိတ်မြို့တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိအတည်ပြုလူနာ (၂၆၂၉)ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်ခွင့် ရရှိသူ(၂၃၉၄)ဦးရှိကာ ဆေးကုသဆဲ အတည်ပြုလူနာ (၁၄၀)ဦးရှိ၍ သေဆုံးသူ (၉၀)ဦးရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ယာဆေး (ပြန်/ဆက်)