ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စက်မှုဇုံပြင်ပအလုပ်သမား ၃၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ပထမအကြိမ် (ဒုတိယနေ့) ဆက်လက်ထိုးနှံပေးလျက်ရှိ

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက် ရှိရာ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် စက်မှုဇုံပြင်ပအလုပ်သမားများအား ယနေ့ နံနက် ၉ နာရီမှစ၍ အခြေခံပညာ အထက် တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ပထမအကြိမ်(ဒုတိယနေ့)အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ သင်္ဘောကျင်းများတွင် အလုပ်လုပ်ကိုင်နေသူများ၊ ဆိုင်ကယ်ကယ်ရီမောင်းသူများ၊ စက်တပ်ရေယာဉ်(သမ္ဗန်)မောင်းသူများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ ဈေးရောင်းချသူများ၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်

ဆိုင်များရှိ အလုပ်သမားများကို စက်တင်ဘာ ၁၄ ရက်နေ့မှစ၍ ပထမအကြိမ်အဖြစ် ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ (ဒုတိယနေ့)တွင် အနှေးယာဉ်(ဆိုက်ကား)နင်းသူများ၊ လ္ဘက်ရည်ဆိုင် နှင့် စားသောက်ဆိုင်ရောင်းချသူများ၊ ဆိုင်ကယ်ကယ်ရီ သမားများ ပါဝင်သည့် ၃၀၀ ဦးကို မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေး လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ(IPRD)