ကျောက်ဆည်၊ စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဈေးကုန်းကျေးရွာတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဈေးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းနိုင်နှင့် ကျေးရွာလူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ကျေးရွာအတွင်း လှည့်လည် ကာ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် နေအိမ်တွင်သာနေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိ တို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက် ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ ၊လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုယ်တွယ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်နှင့် ရောဂါပိုးကူးစက် ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘ ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပညာပေး နှိုးဆော် ခြင်းများကို ဈေးကုန်းကျေးရွာအတွင်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာကွယ်ဆေးများကို မြို့တော်ခန်းမ၌ နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီ အထိ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ လူဦးရေ (၆၇၈၆)ဦးကို ကာကွယ်ဆေးများ ထိုးပြီးပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနေဖြင့် အမျိုးသား(၃၆၆)ဦး၊ အမျိုးသမီး(၂၉၁)ဦး စုစုပေါင်း(၆၅၇)ဦးနှင့် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ အမျိုးသား(၃၁၂)ဦး၊ အမျိုးသမီး (၂၃၇)ဦး၊ စုစုပေါင်း(၅၄၉)ဦး၊ သေဆုံးသူ အမျိုးသား(၄၉)ဦး၊ အမျိုးသမီး(၄၅) ဦး၊ စုစုပေါင်း(၉၄)ဦးနှင့် ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသူ အမျိုးသား(၅)ဦး၊ အမျိုးသမီး (၉)ဦး စုစုပေါင်း(၁၄)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)