မိတ္ထီလာခရိုင်တွင် အသက် ၁၂ နှစ်အောက် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ကလေးစီးဝှီးချဲများ အခမဲ့ ပေးအပ်လှူဒါန်း

မိတ္ထီလာ စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် အသက် ၁၂ နှစ်အောက် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ကလေးစီးဝှီးချဲများကို ယမန်နေ့နံနက်က ဝမ်းတွင်းမြို့နယ် တမာကုန်းကျေးရွာတွင် အခမဲ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

မိတ္ထီလာမြို့ စွမ်းအားမြင့်တင်ရေးအသင်း ကိုယ်အင်္ဂါမသန်စွမ်းသူများ လူမှုကူညီရေးအဖွဲ့မှ  မိတ္ထီလာခရိုင် အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများကို ပံ့ပိုးကူညီပြီး ၎င်းတို့၏ စိတ်ဓါတ်နှင့် စွမ်းရည်မြင့်မား လာစေရေး အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်အင်္ဂါမသန်စွမ်းသူများ လိုအပ်လျက်ရှိသော ကိုယ်အင်္ဂါ အထောက်အကူပြုပစ္စည်းများ ရရှိနိုင်ရေးအတွက် လူမှုအဖွဲ့အစည်း၊ ကုသိုလ်ရှင်စသည့်တို့ကို ရှာဖွေပြီး ပံ့ပိုးကူညီလျက်ရှိသည်။ ထိုသို့ ပံ့ပိုးကူညီလျက်ရှိရာမှ ကိုယ်အင်္ဂါမသန်စွမ်းသူများ လိုအပ်လျက်ရှိသော ကိုယ်အင်္ဂါအထောက်အကူပြု ပစ္စည်းများဖြစ်သည့် သြစတေးလျနိုင်ငံထုတ် ဝှီးချဲများကို သြစတေးလျနိုင်ငံရှိ အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့် မိတ္ထီလာမြို့ စွမ်းအားမြင့်တင်ရေးအသင်း ကိုယ်အင်္ဂါမသန်စွမ်းသူများ လူမှုကူညီရေးအဖွဲ့မှ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ကိုယ်အင်္ဂါမသန်စွမ်းသူများအား ဝှီးချဲများကို အခမဲ့ပေးအပ်လှူဒါန်းလျက်ရှိသည်။

 

ယင်းသို့ ကိုယ်အင်္ဂါမသန်စွမ်းသူများအား ဝှီးချဲများကို အခမဲ့ပေးအပ်လှူဒါန်းခဲ့ရာတွင် ယမန်နေ့က မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာနှင့် သာစည်မြို့နယ် မြေစိုကျေးရွာတို့မှ အသက် ၁၂ နှစ်အောက်ရှိ ကိုယ်အင်္ဂါမသန်စွမ်းသူနှစ်ဦးအား ဝှီးချဲများ အခမဲ့ပေးအပ်လှူဒါန်းခဲ့ရာ ၂၀၁၈ခုနှစ်မှ စတင်၍ ယနေ့အထိ ကိုယ်အင်္ဂါမသန်စွမ်းသူ (၂၉) ဦးအား ဝှီးချဲ(၂၉)စီးကို ပေးအပ်လှူဒါန်းနိုင်ခဲ့ပြီဖြစ်ကြောင်း စွမ်းအား မြှင့်တင်ရေးအသင်း ကိုယ်အင်္ဂါမသန်စွမ်းသူများ လူမှုကူညီရေးအဖွဲ့မှ  ဥက္ကဋ္ဌဦးဇေယျာမြင့်ထံမှ သိရသည်။

 

အဆိုပါ အသက် ၁၂ နှစ်အောက် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ကလေးစီးဝှီးချဲများ လိုအပ်လျက်ရှိပါက စွမ်းအားမြှင့်တင်ရေးအသင်း ကိုယ်အင်္ဂါမသန်စွမ်းသူများ လူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျာမြင့် ဖုန်းနံပါတ် ၀၉၇၇၂၁၄၉၅၃၅ အား ဆက်သွယ်နိုင်ပါကြောင်း သိရသည်။ 

သိန်းမြင့်ကျော်(မိတ္ထီလာ)