ဒေါပုံ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း၌ ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးမှု များ၊ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေး သွင်းနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင် ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ် အတွင်း လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ နှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန်၊ မိမိတို့နေအိမ်အတွင်းမှာသာ နေထိုင်ပေးကြရန်၊ ဧည့်သည်လက်ခံခြင်းမပြုရန်၊ မိမိတို့အနေဖြင့်လည်း တခြားအိမ်များ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အပြင်ထွက်ချိန်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ တစ်ခုခုကိုင်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာဆေးကြောရန်၊ လူစုလူဝေးနှင့် ဈေးဝယ် ထွက်ခြင်းများ ရှောင်ကြဉ်ရန်၊ မိမိတွင် ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ပြသလာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြသကြရန်တို့ကို အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစားပေးအဆင့်အလိုက် ထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်များတွင် စာရင်းပေးရမည့်သူများထံ၌ စာရင်းပေးသွင်းပြီး ဆေးထိုးပေးမည့်နေ့ရက်နှင့် သတ်မှတ်စုရပ်များတွင် ကာကွယ်ဆေးထိုးနှံနိုင်ကြောင်း၊ ဆက်လက်၍ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေး အသိပေးနှိုးဆော်ခြင်း၊ ပထမအကြိမ် ကာကွယ် ဆေး ထိုးနှံပြီးသူများက ဒုတိယအကြိမ်ကို သတ်မှတ်ရက်များအလိုက် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီးသူများ အနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ သွားလာနေထိုင်နိုင်ရေး သတိပြုလိုက်နာဆောင်ရွက်ရေးတို့ကို ပြည်သူများ သိရှိနေစေရန် အသိပညာပေးနှိုးဆော်ပြီး ပြည်သူများက ပူးပေါင်း ဆောင်ရွက်မှသာ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာမည်ဖြစ်သည့်အတွက် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ရေး တို့ကို တိုက်တွန်း နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဒေါပုံမြို့နယ်တွင် ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)