ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်း(VDP) ဖြင့် ဆောင်ရွက်သည့် ကန်ပတ်လည်ကျေးရွာ ဂျင်းလမ်းခင်းခြင်းလုပ်ငန်း(၁၀၀)ရာခိုင်နှုန်းပြီးစီး

ကျောက်ပန်းတောင်း    စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့်၊  ကန်ပတ်လည်ကျေးရွာအုပ်စု၊ ကန်ပတ်လည်ကျေးရွာတွင် ဂျင်းလမ်းခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၊ လုပ်ငန်းပြီးစီးမှုအခြေအနေ များကို ယမန်နေ့ နံနက်၉နာရီခွဲက၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့များ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ယခုဆောင်ရွက်နေသည့် ကန်ပတ်လည်ကျေးရွာ ဂျင်းလမ်းခင်းခြင်း လုပ်ငန်းကို ဩဂုတ်လ ဒုတိယပတ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ လမ်းအရှည် ၂၄၈၈ ပေ၊ လမ်းအကျယ် ၁၂ ပေ၊ လမ်းထု ၉ လက်မ ကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (VDP) ဖြင့် ဆောင်ရွက်ခဲ့ရာ၊ ယခုအခါ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်၍ ကျေးရွာနေပြည်သူ(၆၂၁)ဦးတို့အတွက် သွားလာမှုအဆင်ပြေပြီး ဒေသထွက် သီးနှံထုတ်ကုန် များကိုလည်း လွယ်ကူလျှင်မြန်စွာသယ်ယူပို့ဆောင်နိုင်ကြတော့ မည်ဖြစ်ကြောင်းသိရသည်။ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးရွာဖွံ့ ဖြိုးရေးလုပ်ငန်း စီမံကိန်း(Village Development Plan)ကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိ ပြီး၊ အဆိုပါ စီမံကိန်းဖြင့်  ကျေးရွာအတွင်း လက်ရှိအခြေအနေတွင် ရှိနေသည့် အချက်အလက်များကို ကျေးရွာ ပြည်သူများ ကိုယ်တိုင်ပြုစု၍ ကျေးရွာအတွက် လိုအပ်ချက်များကို ဖော်ထုတ်ပြီး  စီမံကိန်းရေးဆွဲစေခြင်း၊ ကျေးရွာရှိ အများသဘောတူညီချက်ဖြင့် ဖွဲ့စည်းထားသော ကော်မတီ၏ ဦးဆောင်မှုကိုခံယူစေ၍ ကျေးရွာ စီမံကိန်းလုပ်ငန်းများကို ကိုယ်တိုင်ပါဝင် ဆောင်ရွက်ကြစေခြင်းဖြစ်ကြောင်း  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ပြောပါသည်။

အဆိုပါစီမံကိန်းကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ယူမှုတာဝန်ခံမှု အပြည့်ဖြင့်  ဆောင်ရွက်တတ်လာစေခြင်း၊ စီမံကိန်းဆိုင်ရာ အချက် အလက် စာရင်းဇယားထိန်းသိမ်းမှု ကျွမ်းကျင်လာစေခြင်းနှင့်နိုင်ငံတော်  စီမံကိန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုမြင့်မားလာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများလည်း ရရှိလာစေကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)