ကျောက်ဆည်မြို့တွင် အောက်ဆီဂျင်စက်ရုံ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ အောက်ဆီဂျင်များ စတင်ဖြန့်ဝေပေး လျက်ရှိ

ကျောက်ဆည်  စက်တင်ဘာ ၁၅

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြိုနယ်တွင် အောက်ဆီဂျင်လိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ရေး  ကြက်မင်းတွန်ရပ်ကွက်၊ ရွှေစေတီကျောင်းတိုက်အတွင်း ဆရာတော်ဘဒ္ဒန္တပညာသာမိ ဦးဆောင်မှုဖြင့် စေတနာ ရှင်၊ အလှူရှင်များ၏ ထည့်ဝင်ငွေများဖြင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ အောက်ဆီဂျင်များ စတင်ဖြန့်ဝေပေးလျက်ကြောင်း သိရှိရသည်။ 

အဆိုပါ အောက်ဆီဂျင်စက်ကို အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကျယ်အဝန်းမှာ ရုံးခန်းအပါအဝင် အလျား(၈၀)ပေ၊ အနံ(၂၅)ပေ၊ အမြင့်(၁၃)ပေ ရှိရာ ငွေကျပ်သိန်း(၂၀၀၀) ကျော်ကုန်ကျကြောင်းနှင့် နေ့စဉ်(၄၀)လီတာဝင် အောက်ဆီဂျင်အိုး(၆၀)အိုး ထုတ်လုပ်ဖြန့်ဝေလျက်ရှိကြောင်း နှင့် အောက်ဆီဂျင် လိုအပ်မှုများရှိပါက တစ်နေ့အိုးပေါင်း(၁၆၀)အထိ တိုး၍ ထုတ်လုပ်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း  အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပြသည်။ 

 

ကျောက်ဆည် မြို့အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိလာသော အောင်ဆီဂျင်များကို အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးနှင့် လူမှုရေးအသင်းအဖွဲ့များအား ဦးစားပေးဖြန့်ဝေပေးလျက်ရှိပြီး စက်ပြင်ဆင် ထိန်းသိမ်းစရိတ်နှင့် အထွေထွေအသုံးစရိတ်အတွက် ရန်ပုံငွေလျော့နည်းမှုမရှိစေရေး (၄၀)လီတာဝင် အောက်ဆီဂျင် အိုးအကြီး တစ်လုံးအတွက် ငွေကျပ်(၄၀၀၀)ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် (၄၀) လီတာအောက် ဝင်ဆန့်သော အောက်ဆီဂျင်အိုးများအား အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)