သရက်ချောင်းမြို့နယ်တွင် သံဃာတော်များအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းစစ်ဆေးပေး

သရက်ချောင်း   စက်တင်ဘာ   ၁၅

သရက်ချောင်းမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအား စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည် ၁ နာရီ အချိန်မှစ၍  ပန်းတောရပ်ကွက်ရှိ ကွမ်းအုံ မော်ကျောင်းတိုက် နှင့်ရွှေတောင်တောင်သစ်ကျောင်းတိုက်ရှိ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား မိုဘိုင်းစနစ်ဖြင့်  RDT Test  Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန် ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် ကွင်းဆင်းစစ်ဆေးပေးခဲ့ ကြောင်းသိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးကျော်ဇင်၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ  ပူးပေါင်း၍  ပန်းတောရပ်ကွက်၊ ကွမ်းအုံမော် ကျောင်းတိုက်ရှိ သံဃာ တော် (၁၁)ပါး နှင့် လူပုဂ္ဂိုလ် (၆)ဦး၊ ပန်းတောရပ်ကွက်၊ ရွှေတောင် တောင်သစ်ကျောင်းတိုက်ရှိ သံဃာတော် (၂၄) ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦးတို့အား RDT Test  Kit ဖြင့် စစ်ဆေးပေးခဲ့ရာ ရောဂါပိုးတွေ့ရှိမှု မရှိကြောင်းသိရသည်။

မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှု နှုန်း အမှန်တကယ် လျော့နည်းကျဆင်းမှု ရှိ/မရှိ သိရှိနိုင်ရန်ရည်ရွယ်ကြောင်း၊ သရက်ချောင်း မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့်ပရိယတ္တိစာသင်တိုက်များအား ဦးစားပေး အနေဖြင့် စစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။ သရက်ချောင်းမြို့နယ်တွင် စက်တင်ဘာ (၁၃) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၆၀၇) ဦး ရှိရာ  ကျန်းမာရေး  ပြန်လည် ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၅၃၁) ဦးနှင့်  ဆေးကုသ မှုခံယူနေသူ (၄၅) ဦးရှိပြီး  သေဆုံးသူ(၂၈) ဦးရှိ ကြောင်းသိရသည်။

သရက်ချောင်း(ပြန်/ဆက်)