ကော့ကရိတ် စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်ဘာသာ၊ မြန်မာ ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် စတင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရိုင်ဘေးအန္တရာယ ်စီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်အသိပညာပေးရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မ ပြတ်တောက်ပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန် အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပ ဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြူတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။