ပန်းတောင်း စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၅၅ နှစ်နှင့်အထက် ရှိသူများ၊ မသန်စွမ်းသူများ၊ ကူးစက် ရောဂါ မဟုတ်သည့် နာတာရှည်ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ပန်းတောင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ ပထမနေ့အဖြစ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးနေသည့် ဆေးထိုးစုရပ်များသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည့် အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး လာရောက်ထိုးနှံသူများတွင် အသက် ၅၅ နှစ်နှင့် အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည်ရောဂါသည်များလည်း ပါဝင် ကြောင်း သိရသည်။ ယင်းကာကွယ်ဆေးထိုးရာနေရာ၌ လူစု၊ လူဝေး မဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသက် အရွယ်အလိုက် အုပ်စုများခွဲကာ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရာနေရာတိုင်း၌ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သင်းသင်းအေး