မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် ပထမအကြိမ် ထိုးနှံပြီးစီးခဲ့သူများအား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ရန်ကုန်  စက်တင်ဘာ   ၁၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် ဦးစားပေး အဆင့်များသတ်မှတ်ပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီး သူများကို  ဒုတိယအကြိမ်ထပ်မံ ထိုးနှံပေးလျက်ရှိရာ     ယမန်နေ့န့နက် ၉ နာရီအချိန်က ရန်ကုန်ဘူတာကြီးတွင် မြို့နယ်တာဝန်ရှိသူများက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀) မှ အသက် (၆၅) နှစ်နှင့်အထက် ဘိုးဘွားများ၊ စည်ပင် သာယာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၃၉၅) ဦးကို  ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

ကာကွယ်ဆေးများ ထိုးနှံပေးမှုနှင့် ပတ်သက်၍ လာရောက်ဆေးထိုးခဲ့သူ တစ်ဦးဖြစ်သူ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးက “ကိုဗစ်ကာကွယ်ဆေးထိုး လို့ရပြီဆိုကတည်းက အရမ်းထိုးနှံချင်ခဲ့ပါတယ်။ ကျွန်တော်တို့က မြို့ရွာထဲအမြဲကွင်းဆင်းပြီး သန့်ရှင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ရတာမို့လို့ ကိုယ်တိုင်လည်း ဒီရောဂါမကူးစက်ချင်သလို ကိုယ်ကနေလည်းသူများကို မကူးစက်စေချင်ပါဘူး။ အခုဆိုရင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးပြီဆိုတော့ အရမ်းဝမ်းသာတယ်။ အခမဲ့ ထိုးနှံခွင့်ရတဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးစုရပ်များကို ရန်ကုန်ဘူတာကြီးတွင် ဆေးထိုးအုပ်စု (၁)နှင့် (၂) အဖြစ်ခွဲကာ ထိုးနှံပေးလျက်ရှိပြီး ဒုတိယအကြိမ် ကာကွယ် ဆေး ထိုးနှံခြင်းလုပ်ငန်းကို သြဂုတ်လ (၃၀) ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်စုဝေ