မင်းဘူး စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ဇရပ်ကြီးကျေးရွာမှ တောင်သူများသည် အထွက်နှုန်းကောင်းသော ရေဆင်း ၁၄ ပဲတီစိမ်းကို စိုက်ပျိုး၍ အထွက်နှုန်း ကောင်းသည့်အပြင် ဈေးပါကောင်းသောကြောင့် အဆင်ပြေလျက် ရှိကြကြောင်း ပဲတီစိမ်းစိုက် တောင်သူများထံမှ သိရသည်။
ပဲတီစိမ်း စိုက်မည့်မြေကို ထယ်ရေးညက်ညက်ထွန်၍ မြေပြင်ထားရသည်။ ထို့နောက် တီစူပါတစ်အိတ် ကျဲပက်ကာ နောက်တစ်ကြိမ် ထွန်ရေးပြန်ဆင်းရသည်။ ဒုတိယအကြိမ် ထွန်ရေးဆင်းပြီး ကန်သင်းရိုး ပတ်ပတ်လည်အား ပိုးသတ် ဆေးဖျန်းပေးရသည်။ သို့မှသာ အပင်များပေါက်လာပါက ယစ်ဖြူပိုး ကျရောက်ခြင်းမှ ကင်းဝေးမည်။
ပိုးသတ်ဆေးဖျန်းပြီး ၂ ရက်အကြာတွင် မျိုးစေ့များကို တစ်ဧကလျှင် ၅ ပြည်နှုန်း အတန်းလိုက် အစေ့ချ၍ စိုက်ရသည်။ စိုက်ပျိုးပြီး မြေကြီးအစိုဓာတ် နည်းနေပါက ရေသွင်းပေးရသည်။ အပင်ပေါက်ပြီး တစ်ပတ်အကြာတွင် ကြားလိုက်တုန်းဖြင့် ၂ ခေါက်မောင်း၍ အပင်အားဆေးပါ ဖျန်းပေးရသည်။
ပဲတီစိမ်းများကို စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် အသီးများကို စတင်ကောက်လို့ရသည်။ တစ်ပတ်ခြားစီ ပြန်ကောက်ပေးရပြီး ၄ ကြိမ် ၅ ကြိမ် လောက်ကောက်ရသည်။ မြေကောင်းပြီး နည်းစနစ်မှန်ကန်ပါက တစ်ဧကလျှင် တင်း ၄၀ အထိ ထွက်ရှိကြောင်း မင်းဘူး(စကု)မြို့နယ် ဇရပ်ကြီးကျေးရွာမှ ပဲတီစိမ်းစိုက်တောင်သူ ဦးလွမ်းဝေက ပြောသည်။
ဇေယျာထက် (မင်းဘူး)