ကိုဗစ်−၁၉ ရောဂါ ကူးစက်ခံရပြီး၊ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံများ

ပုလော   စက်တင်ဘာလ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေ ရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး၊ ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ဒုတိယ အကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် အတူ ကိုဗစ်−၁၉ ရောဂါ ကူစက်ခံရပြီး၊ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်ပါသည်။

တပ်ကြပ် ရဲ၀င်းအောင်(မီးသတ်ဦးစီးဌာန၊ ပုလောမြို့နယ်)

ကျွန်တော်ကတော့ တပ်ကြပ် ရဲ၀င်းအောင်၊ ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော် ကိုဗစ် တတိယလှိုင်းမှာ ခရီးသွားမိ၍ ကျွန်တော်နှင့်အတူ ကားစီး ခရီးသည်မှ ကိုဗစ် ပိုးတွေ့ရှိ၍ စစ်ဆေးမှု ခံယူရာမှ ပိုးတွေ့ရှိကာ ပုလောမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ် ထားသော ကိုဗစ် ကုသရေး စင်တာတွင် သွားရောက် ဆေးကုသမှုခံယူခဲ့ပါတယ်။ ကျွန်တော်က ၀န်ထမ်း တစ်ဦးဖြစ်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံထားခဲ့ပြီး၊ ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့စဉ် ရောဂါရဲ့ ဆိုးကျိုးများကို  မခံစားရခဲ့ပါဘူး ခင်ဗျား၊ ဆေးကုသရေးစင်တာတွင် ကျွန်တော်နှင့် အတူ ဆေးကုသမှုခံယူသူများထဲမှ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးမထိုး ထားသေးသူများမှ အနံပျောက်ခြင်း၊ မောပန်းခြင်း၊ ဖျားနာခြင်းများကို ခံစားခဲ့ရတာကို တွေ့မြင်ခဲ့ရပါတယ်ခင်ဗျား။ ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ဆေးကို (၂) ကြိမ်ထိုးနှံခြင်း၊ အာဟာရ ပြည့်၀အစားစားခြင်း၊ ကောင်းစွာ အနားယူခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း၊ အိပ်ရေး၀၀ အိပ်ခြင်းက ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ကျော်လွှား နိုင်မည်ဟု ကျွန်တော် ယုံကြည်ပါတယ် ခင်ဗျား၊ ဒါကြောင့် မိဘပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ စေချင်ပါတယ်ခင်ဗျား။

ဦးခင်မောင်၀င်း (အမှတ် ၄ ရပ်ကွက်၊ ပုလောမြို့)

ကျွန်တော်ကတော့ ဦးခင်မောင်၀င်း အမှတ်(၄)ရပ်ကွက် ပုလောမြို့တွင် နေပါတယ်။ ကျွန်တော် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးထားသော်လည်း ကိုဗစ် တတိယလှိုင်းကိုခံစားရပါတယ် ခင်ဗျား။ ကိုဗစ် ကူးစက်ခံရစဉ် ကျွန်တော် ကိုယ်ပေါ်မှာ အနီကွက်တွေ ထွက်လာပြီး၊ အောက်ဆီဂျင် ၆၅ သာကျန်ပါတယ်။ သူနာပြု ဆရာမများက ကျွန်တော်ကို ခံနိုင်ရည် မရှိတော့ဘူး အသက်ဆုံးရှုံးနိုင် တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော် ခံနိုင်ရည်ရှိတယ်။ အောက်ဆီဂျင်ကျသော်လည်း ကျွန်တော် သွားလာ လှုပ်ရှားနိုင်တယ်။ ကျွန်တော်က အောက်ဆီဂျင်ရှုတယ်၊ ဆေးထိုးတယ်၊ အာဟာရ ဖြစ်မည့် အိုဗားတင်းနှင့် ငှက်သိုက်အရည်များများ သောက်သုံးတယ်။ ဒီတော့ ကျွန်တော် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုမှ ကင်းစင်ပြီး အနာကင်းကာ အိမ်ပြန်လာနိုင်တယ်။ ကျွန်တော် ယုံကြည်တာက ကိုဗစ်ဆေး (၂)ကြိမ် ထိုးထားလို့ ကျွန်တော် ကိုဗစ် ကူးစက်မှုနှင့်အတူ နောက်ဆက်တွဲ ဆိုးကျိုးများမှ တွန်းလှန်နိုင်ခဲ့ တယ်။ ကိုဗစ် ရောဂါက ကြောက်စရာကောင်းတယ်။ ဒါပေမယ့် ကြောက်စရာ မဟုတ်ပါ။ ကိုဗစ်ကြောင့် သေဆုံးနိုင်တယ် (ဒါကြောင့် ကြောက်စရာကောင်းတယ်)၊  ကြောက်စရာ မဟုတ်ပါ (ကာကွယ်ဆေး (၂)ကြိမ် ထိုး၊ အာဟာရစား၊ ကောင်းစွာ အနားယူ၊ စိတ်ခွန်အားကို မြင့်ပေးပါ က ကြောက်စရာမဟုတ်ပါ)။ ဒါကြောင့် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ် ပြည့်အောင်ထိုးကြဖို့ တိုက်တွန်း ချင်ပါတယ်။

အေးအေးမော် (ပုလော)